Thursday, November 10, 2011

ဖြောင့်ချက်(၂)

ငါနားလည် ခဲ့ပြီ

ငါ့ကိုယ်ငါ ကမ်းပါးတစ်ခုလို ဖြိုချ

ချစ်ခြင်းနဲ့ တ၀ုန်းဝုန်းစီးဆင်းလည်း

လက်တွေ့ မဆန်ခဲ့တဲ့အခါ

အဲဒီမြစ် ပင်လယ်မတွေ့တာ မဆန်းဘူး . . .


ငါနားလည်ခဲ့ပြီ

ငါ့ကိုယ်ငါ ပန်းတစ်ပွင့်လို ကြွေချ

ချစ်ခြင်းနဲ့ ရနံ့တွေ သင်းမြလည်း

သဘာဝ မဆန်ခဲ့တဲ့အခါ

အဲဒီပန်း သူမနမ်းတာ မဆန်းဘူး . . .


နောက်ဆုံး

ရင်ဘတ်ဟာ ဝေဒနာတွေ

သိုလှောင်ရာ ဂိုထောင်အဖြစ်ပဲ

အသားကျနေခဲ့ပြီ . . .

အမိကျေနပ်ပါတော့လေ...


အရောင်မလင်းတဲ့

ကြယ်တစ်စင်းအဖြစ်

ညကို ရှာမတွေ့ချင်တော့ဘူး . . .။

Monday, October 31, 2011

ဖြောင့်ချက်

မာယာရှင်လို့ မယိုးဘူး

ဒါပေမယ့်

ဝေဒနာကို ပျိုးခဲ့တဲ့သူ . . .

မြစ်တစ်စင်းလို ကောက်ကွေ့တတ်သူလို့ မနှိုင်းဘူး
 
ဒါပေမယ့်

နှလုံးသားကို တိုက်စားခဲ့တဲ့သူ . . .

နှုတ်ခမ်းပါးနဲ့ ပြုစားတတ်သူလို့ မပြောဘူး
 
ဒါပေမယ့်
 
တမ်းတတတ်အောင် လုပ်ခဲ့တဲ့သူ . . .

ဟန်ဆောင်ပြီး သရုပ်ဆောင်ခဲ့တာလို့ မမြင်ဘူး
 
ဒါပေမယ့်
 
စွဲလန်းမိအောင် သင်ပေးခဲ့တဲ့သူ . . .

အငိုက်ဖမ်းပြီး ပြုတ်ကျစေခဲ့သူလို့ မထင်ဘူး
 
ဒါပေမယ့်
 
ကိုယ်တိုင် ခုန်ချချင်စိတ်ကို ဖြစ်စေခဲ့တဲ့သူ . . .

ခုတော့ . . . ငါ့ မှာ . . .
 
ခံစားမှု အစုစုနဲ့
 
မချစ်ဘဲနေလို့ မရတော့ပါဘူး . . .

အနမ်းကြောင့် ခုန်တဲ့ရင်နဲ့
 
လွမ်းရမှာ တုန် လှုပ်နေတယ်
 
ချစ်ရသူရယ် . . . .

Wednesday, September 14, 2011

Live, Laugh, Love

......................

ရက်စွဲ - တစ် (30.11.2005)

ဘုရားကျောင်းရှေ့ မြက်ခင်းပြင်မှာ

တေးသံတွေ ၀ိုင်းဖွဲ့


မီးပုံလေးက တဟုန်းဟုန်း ၀ံ့စား


မင်းမျက်ဝန်း တစ်လဲ့တည်းနဲ့ 


ငါ . . သံစဉ် တစ်ခု ကောက်ရခဲ့တယ် ။ ။

မီးပုံလေး ငိုက်မြည်းချိန်မှာ


ငါတို့လည်း သံလမ်းနဲ့ အပြိုင် 


တိတ်ဆိတ်ခြင်းတွေအပေါ် လျှောက်သွားနေခဲ့ . .

ဒါပေမယ့် . .


သံစဉ်တစ်ခု က ငါတို့ကြား


နှစ်ကိုယ်ကြားလေး မြည်လွခဲ့

အဲဒီညမှာ 


နှုတ်ဆက်ခြင်း သင်္ကေတကို 


မင်း နဖူးလေး နွေး ရုံမျှ


ဖန်တီးခဲ့တယ်လေ ။ ။ ။



မှ.......ထိ (apr -oct 2006)

ငါတို့ လမ်းလျှောက်ရင်း

ငါတစ်ယောက်တည်း

ငါ့ကိုယ်ငါပါ ပျောက်ရှခဲ့

အမှောင်ထဲမှာ မည်းမည်း မြင်ရာ 

ငါ . . . ခင်တွယ်ခဲ့တယ် ။ ။



(2006 oct 11 )

င့ါရင်ကိုဖွင့်လို့ 

ငါ့ခံစားမှုကို မင်းဖတ်ပြခဲ့တယ်

နှလုံးသားက သူ့ကိုယ်သူ နယ်ချဲ့လို့

မင်းကို ဆက်သ . .

လွမ်းလောက်မယ့်ရက်တွေ 

မွေးဖွားဖို့ပေါ့ ။ ။



(2006 dec)

ကောက်သစ်စားပွဲ

ထောင်ကာပွဲ

ခရစ္စမတ်ပွဲ တော်တွေ တစ်လျှောက်

ငါတို့ နှင်းမှုန်တွေ ကောက်စား

နှင်းထဲထိုင်လို့

နှင်းကျနေတာကို အကြိမ်များစွာ

မေ့နေခဲ့ကြပေါ့ ။ ။



2007 Jan 21

အကာလ ညပါပဲ

အမှောင်စရိုက်နဲ့ ငိုက်မြည်းနေတယ်

အဲဒီညမှာ

နှင်းတွေက ငါ့တို့နွေးထွေးမှုကို

စိန်ခေါ်ခဲ့တယ် . . .

အဲဒီညမှာ

နှင်းဆီပွင့်ဖတ်တွေ ပြန့်ကျဲမနေဘူး ။

မိုးသားတွေမှိုင်း လျှပ်စီးတွေ ရိုင်းမနေဘူး ။

အိပ်ယာခင်းတွေ တွန့်ကျေမသွားဘူး ။

ပန်းပွင့် အပေါ် လိပ်ပြာလာမနားဘူး ။

သစ်ကိုင်းပေါ်မှာ ငှက်နှစ်ကောင် ပူးမနေခဲံ့ဘူး ။

ဘာဆိုဘာမှ ဖြစ်မသွားဘူး ။
(ဗီဒီယို ထဲကလို)

ခဏလေး . . ကြယ်ကြွေရာနောက် 


လိုက်မျောမိခဲ့ကြတာ . .

ဒါဟာ . . .ငါတို့ရဲ့

နှင်းခါးတွေ အပေါ် အောင်မြင်မှုတဲ့လား ။

ဒီိလိုနဲ့

အခါအခွင့်များစွာ

နမ္မတီး၊ မိုးကောင်း၊ မြစ်ကြီးနား

ငါတို့အတွက် သာယာခဲ့တယ် ။

နေသာလိုက် မိုးရွာလိုက်

လသာလိုက် ညမပါလိုက်

အလိုက်သင့် မျောလို့

အိပ်မက်ကမ်း ကပ်နိုင်ဖို့

ငါတို့ ကြိုးစားခဲ့ကြပေါ့ ။ ။

2008 Dec 4

ကောင်းကင်က 
သူ့ရင်ကိုဖွင့်ချ . 

နှင်းငွေ့တွေက လောကကို . 

ဖွဲ့သီရစ်ဆိုင်း .. 

အချိန်က သက်ကြီးခေါင်းချ 
.
ငါတို့လည်း ဆိုင်ကယ်တစ်စီးနဲ့ 
.
နှင်းစို လမ်းမထက်မှာ

ဆိုင်ကယ်လို ပေါက်ကွဲအားနဲ့

ပူလောင်ရင်း နှင်းတွေ ရွှဲစိုနေတယ် ။

ဒီည . . ငါ့ ခါးပေါ်က လက်ဖ၀ါးက

နက်ဖြန် နှုတ်ဆက်တော့မယ် ကြိုသိနေလို့

င့ါရင်ဟာ နှင်းထဲ တ ဖြစ်ဖြစ် မြည်နေတယ် ။

စကားသံတွေ အေးစက်ငြိမ်သက် 

၁၂၅ ကောင်လေး မမောခင်

မင်းကို အိမ်ပြန်ပို့ခဲ့ပေါ့ ။


2008 Dec 16

အိပ်မက် ထက်ပိုင်းကျိုး ပါတယ် ။

ဇာတ်လဲ သိမ်းသွားရောပေါ့ ။

ပန်းချီ

ည 

သူ့အမှောင်နဲ့သူ

နက်လဲ့လဲ့ တောက်ပ နေတယ် ။

အလွမ်း

သူ့လောင်ကျွမ်းခြင်းနဲ့သူ

(ငါ့ကို) ညှင်းသွဲ့သွဲ့ ပြာရီနေတယ် ။

ငါ

ကိုယ့်အလွမ်းနဲ့ကိုယ်

တိုးသဲ့သဲ့ လှိုက်စားနေတယ် ။

အရက်

သူ့ ရေချိန်နဲ့သူ

တစ်စက်စက် ယစ်ထုံနေတယ် ။

ည ငါ အလွမ်း အရက်

ပေါင်းစပ်တဲ့အခါ

အရာရာေ၀၀ိုးတ၀ါးနဲ့

ချုပ်ငြိမ်း လွင့်စင်လို့

လွတ်လပ်ခြင်းက စိတ်ကိုဆောင်ယူ

မင်းခြေရင်း ၊ မင်းသတင်း

မင်းအနမ်း

မင်းမျက်လုံး ၊ မင်းအပြုံး

နောက်ဆုံး . . . .

မင်းနှုတ်ခမ်း လေးကိုင်းက

ရင်ခြွေတဲ့ စကားလုံးတွေကြားအရောက်

ရီဝေမူးနောက် ရူးမလောက်ပါပဲ ။

လွတ်မြောက်ခွင့် တစ်ရံတစ်ခါတော့

မင်းချန်ထားသင့်ပါတယ် ချစ်သူရယ် ။ ။ ။

သတိတရ သူငယ်ချင်း

ဖြူလွလွ ၀တ်ရုံဆင်ယင်ထားတဲ့

ရင်းနှီးမှုက ငါတို့ကြား

ခင်မင်မှုတွေ ဖြန့်ခင်းပေးခဲ့တယ် ။ ။

အမှတ်တမဲ့မှ အမှတ်အသားဖြစ်သွားတဲ့

စကားလုံးတွေ

အမူအရာတွေ

ဆိုပါစို့ ရောက်ခဲ့တဲ့ ဌာနေတွေ

အမှတ်တရ အဖြစ် သတိရနေခဲ့ပါတယ်။

ဗန်းမော်သူ (၀ါ) ခင်ရတဲ့သူငယ်ချင်းရေ . . .

ရိုးသားခြင်းနဲ့တောက်ပခဲ့တဲ့

ငါတို့ ခင်မင်မှုမှတ်တိုင်တွေမှာ

သတိရခြင်းတွေ မကြာခဏ

ရပ်နားနေကြပေါ့ ။ ။

အဲဒီလိုပဲ

ဘယ်ခါ မပျောက်ပျက်မယ့်

ရုပ်ကြွင်းတွေ ကွယ့် ။ ။

ဒါပေမယ့်

ရိုးသားခြင်းကို မရိုးသားစွာနဲ့

ရိုးသားချင်ယောင် ဆောင်နေရတာ

ပင်ပန်းလှတယ် သူငယ်ချင်းရယ် ။ ။ ။

Saturday, August 20, 2011

ဘ၀အပေါ်

ဘ၀ ဆိုတာ

ကျောတစ်ခင်း

ရေတစ်မှုတ်

ငွေ တစ်ဆုပ်နဲ့

ချုပ်ကိုင်ထားလို့ မရဘူး ။

အာဏာ ပြင်းပြင်း

မာန်ရှိန် တင်းတင်း

လူတွေရဲ့နားမှာ

ငွေ ဂုဏ် ဟင်းလင်း

ဥာဏ်တိမ် ဖျင်းဖျင်း

ငါ့အတွက်တော့

နေညိုတိုင်းသောက်

လေပျိုတောက်လျှောက်နဲ့

ဖြေစရာ ဖွေရှာတာမျိုး တော်ပြီလေ

ဘာမှ မရှိတဲ့ ဘ၀မှာ ဘာမှ ဖြေမနေနဲ့

ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး

အစကတည်းကမှ ဘာမှ ရှိမလာခဲ့တာလေ

ဘာမှလည်း မမျှော်လင့်တော့ဘူး

ဘာမှ မရှိတာတောင်

သဘာဝတရားက ရှိပြီးသား

နေလိုက်တော့မယ်

သဘာဝ ကျ ကျ ။ ။

Saturday, August 6, 2011

လမ်းဆုံး

မှော်မပျို စီမံထားတဲ့

ဝိုင်ခွက်ကို

ခွင့်မတောင်းဘဲ ယူသောက်ခဲ့တာလေ ။

(ပြီးကာမှ)

ဝေဒနာ တစ်အူအူ နဲ့

ဒဏ်ရာရ စက်ခေါင်း ဆွဲ ရာနောက်

တအိအိ ချည့် နဲ့ ရင်း

လမ်း မရှိ တဲ့

မင်းဘူတာ ကို

ရောက်ခဲ့ရင်

ငါ့ အလွမ်းတွေ အိပ်တန်းတက်ခွင့်

ရစေလေ . . .

အိပ်မက် ထက်ပိုင်းကျိုး

အဲဒီညကပေါ့

ညက ဒီဇင်ဘာညပီသစွာနဲ့


သူကိုယ်တိုင် ချမ်းမြနေတယ်။. .

အဲဒီညကပေါ့

မျက်နှာဟာ မျက်နှာမှန်းမသိအောင်

ပျက်ယွင်းနေတယ်

တစ်ချက် တစ်ချက်

ငါ့မျက်ဝန်းတွေေ၀၀ါးမိတယ်

ဝမ်းနည်းခြင်းဟာ ကွက်ကျားမိုးလို

ရင်ထဲမှာ ရွာနေလိုက်တာ ....

အဲဒီညကပေါ့

ကျဆုံးနေတဲ့နှလုံးသားကို

ရင်ထဲမှာထားပြီး

ဟန်လုပ်ပြုံးနေရတဲ့ ငါ့မျက်နှာ

အသက်မပါတာ ဘာသာသိလို့

ငါပြန်ပါရစေတော့ ချစ်သူ

မနိုင်မနင်း ထမ်းထားရတဲ့

ဝမ်းနည်းမှုတွေနဲ့

ငါကိုယ်တိုင် လဲမကျခင်လေ။ . .

အဲဒီညကပေါ့

ချစ်သူက

သူသီချင်းတစ်ပုဒ်ဆိုပြီးမှ ပြန်တဲ့ . .

(သူ့) သီချင်းအဓိပ္ပါယ်

(ငါ) နားမလည်ပေမယ့်

နှလုံးသားကတော့ ရေနက်ထဲ ဆွဲချခံရသလို

မွန်းကျပ်နေတယ် ။ ။

တေးသွားက သားသတ်သမားရဲ့

ဓါးသွေးသံလို

ရင်ခွင်တစ်လျှောက် ဖြတ်လျှသွားတယ်

ကျေနပ်ပါတော့ ချစ်သူ ငါပြန်ခဲ့ပါပြီ ။ . . .

အဲဒီညကပေါ့

နှလုံးသားနဲ့ အနီးတစ်ဝိုက်မှာ

လေဖိအားနည်း ရပ်ဝန်း ဖြစ်ပေါ်နေတယ်

မျက်ဝန်းတွေရဲ့ အနီးတစ်ဝိုက်မှာလည်း

တိမ်ဖြစ်ထွန်းလို့ ရွာရန်ရာနှုန်း သုည

( ရင်ထဲမှာ ၁၀၀ % )

နှလုံးသားကို ဗဟိုပြုတိုက်ခတ်နေတဲ့

မုန်တိုင်းကြောင့် စိတ်တွေလည်း

ကစဥ့်ကလျား လွင့်စင်နေတယ် . . . .

အဲဒီညကစလို့ပေါ့

ချစ်သူရဲ့ အနီးတစ်ဝိုက်မှာ

ပျော်ရွှင်ခြင်းတွေ ဖြစ်ထွန်းနိုင်ပါစေလို့

ဆုတောင်းခဲ့ပါတယ် ။ . .

နောက်နေ့တွေက စလို့ပေါ့

ရင်ဗလာနဲ့

စိတ်ဒဏ်ရာသင့်နေတဲ့

သူတစ်ယောက်ကို တွေ့ခဲ့ရင်

မင်း နှုတ် မ ဆက် ပါ နဲ့ တော့ ။ ။ ။ ။

အိပ်မက် ၎

အသည်းကွဲပါတယ်ဆိုမှ

လွမ်းနေသေးလားလို့ လာမမေးပါနဲ့တော့

ချစ်ခြင်းဟာ ဘ၀ မဟုတ်ဘူးဆိုရင်

(ငါ့အတွက်)

နှလုံးသားနဲ့ စတေးထားတဲ့

နိုးတစ်ဝက် အိပ်မက်ပဲ

လက်တွေ့ဘ၀ထဲ ပြန်ဝင်ဖို့

အိပ်မက် ဟာ သေဆုံးပေးရတယ်

သင်္ဂြိုဟ် ရာမှာ လောင်စာက

နှလုံးသားလေ ။

Thursday, February 10, 2011

ပန်းပွင့်အလွန် (အိပ်မက်-၃)


လွမ်းတယ်ကောင်မလေးရယ်

အချိန်မှန် အဆိပ်တက်တဲ့ ...... အလွမ်းဟာ

ရူးမတတ် နှိပ်စက်လို

အိပ်မက်တဲ့ မင်းမျက်နှာမှာ တောင်

အလွမ်းငွေ့တွေ ပြာဝေလို့

ခုချိန်မှာ

အနမ်းနဲ့ စိုလက်ဖူးတဲ့ ညတွေလည်း

အလွမ်းအဖြစ် ဖွာစင်လို့ ....

ငါ့ကိုယ်ပေါ် တစ်စက်ချင်း . . . . . .

မနက်ခင်း

လင်းဖြာတဲ့ နေရောင်တောင်

ငါတစ်ကောင်တည်း အုံ့မှောင်နေတယ် ။

မနက်ဖြန် .

နောက်တစ်နေ့ . .

နောက်တစ်ရက် . . .

ကာလများစွာ ...........အလွမ်းများစွာနဲ့

ငါ့အသက်တာမှာ

မင်းနဲ့ဆုံနိုင်ခွင့်ဟာ

အိပ်မက် တစ်ဆင်စာနဲ့ တင်တောင်းလို့ မရဘူး ။

ပွင့်ပြီး တဲ့ ပန်းလို

(ပြန်ငုံလို့ မှ မဖြစ်နိုင်လို့ )

ညှိုးလို့ သာ ငိုပါ့မယ် ။ ..........